လက်ဖက်သီးနှံကို တရုတ်ပြည်တွင် လေးရာစုနှစ်များက ဆေးဝါးအဖြစ် စတင် သုံးစွဲခဲ့ကြသည်။ ခုနှစ် ရာစုနှစ်များတွင် လက်ဖက်သည် အဖျော်ယမကာ အဖြစ် သောက်သုံးမှု များပြားလာသဖြင့် အခွန်စတင် ကောက်ခံခဲ့သည်ဟု သိရသည်။ ဘီစီ ၂၇၀၀ ခုနှစ်မှ အေဒီ ၁၆၁၀ ခုနှစ်အထိ လက်ဖက်ကို တရုတ်ပြည်တွင် လက်ဖက်မျိုးစေ့ကို ပေါက်ကံပြည့်ရှင် ဘုရင် အလောင်းစည်သူ မင်းကြီးက ငှက်တစ်ကောင်၏ အစာအိမ်အတွင်းမှ ရရှိခဲ့ရာ ထိုမှတစ်ဆင့် မျိုးပွား၍ အဆင့်ဆင့် စိုက်ပျိုးနိုင်ရန် မျိုးစေ့များ ပေးအပ်ခဲ့ခြင်းဖြင့် လက်ဖက်ပင်များ မြန်မာပြည်အနှံ့ စတင် ပေါက်ရောက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ထိုသို့ ဘုရင် ပေးအပ်ချီးမြှင့်ရာ၌ ရှေးက တောင်ရိုး တောင်ပေါ်သားများက လက်တစ်ဖက်ဖြင့် ခံယူသည်ကို အစွဲပြု၍ လက်တစ်ဖက်မှ လက်ဖက်ပင် ဖြစ်လာရသည်ဟု ရှေးအဆိုအရ သိရသည်။ (ပန်းပိတောက် ဆောင်းပါးများ တက္ကသိုလ် တင်လက်ျာ) လက်ဖက်ကို ပလောင် စကားဖြင့် "မြန်း"ဟု ခေါ်ကြသည်။ ရှမ်းဘာသာဖြင့် "နိမ့်"ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ ဇလုပ်ဟုခေါ်ဆိုသည်။ အလောင်းစည်သူ မင်းကြီးက ငှက်ဇလုပ် အတွင်းမှရသော သစ်စေ့ကို ပေးအပ်ခဲ့ခြင်း ဟူသော အကြောင်းအရင်းမှ စတင်ခဲ့သည်ဟု ရှေးမှတ်တမ်းများ အရ သိရသည်။
ရှေးပလောင် လူမျိုးများသည် လက်ဖက် စိုက်ပျိုးခြင်းကို ရိုးရာ အလုပ်တစ်ခုကဲ့သို့ လုပ်ကိုင် စားသောက် နေထိုင်ကြသည့် အမျိုးသား၊ အမျိုးသမီးမရွေး လက်ဖက်သီးနှံမှ ရသော လက်ဖက်ရည်ကြမ်းကို ဝါးကျည်တောက်များတွင် ထည့်၍ သောက်လေ့ ရှိသည်။ မိုးမကျမီ၊ သင်္ကြန် မတိုင်မီ ပေါ်ဦးပေါ်ဖျား လက်ဖက်ကို မိုးရေလွတ်သည့် အတွက် ရွှေဖီ မိုးလွတ်လက်ဖက်ဟု ခေါ်ကြောင်း ရောင်းချသူများမှတစ်ဆင့် သိရသည်။ စာရေးသူတို့ ငယ်စဉ်က ရွှေဖီမိုးလွတ် လက်ဖက်ခြောက် တံဆိပ်ဖြင့် အထုပ်များ ရောင်းချသည်ကို တွေ့ခဲ့ရသည်။ ထိုလက်ဖက်မှာ တော်သုံး လက်ဖက် ဖြစ်သည်ကို "နတ်ဆော်စီမံ၍ စားတော်ရန် ရွှေနန်းဝင် ဇမ္ဗူရစ် ရွှေခတ်တင် ရွှေချည်မျှင်၊ ငွေချည်မျှင်၊ ရေမဝင်၊ မိုးမမီ ရွှေဖီလက်ဖက် နတ်သစ်ရွက်"ဟု ဦးပုည မေတ္တာစာတွင် စပ်ဆိုခဲ့သည်။ နှင်းအားကို အမှီပြု၍ ထွက်သော လက်ဖက်ရွက် ကလေးများကိုလည်း ပြာသို၊ တပို့တွဲလများတွင် ဆွတ်ခူးကြသည်။ လက်ဖက်ကို နှင်းတက် လက်ဖက်ဟု ခေါ်သည်။ ပေါ်ဦးပေါ်ဖျား လက်ဖက်ဖြစ်၍ ရှေးအခါက ဘုရင်မင်းမြတ်များ ဆက်သသော လက်ဖက်ဖြစ်ရာ ဆူးချွန် အပ်ချောင်း ကလေးများကဲ့သို့ ရှိပြီး အလွန် နူးညံ့သည်ဟု သိရသည်။ လက်ဖက်ရည် အိုးတစ်လုံးကို လက်သည်းချွန်မျှ ခတ်ရုံဖြင့် အဖန်အရသာ တစ်ရေ နှစ်ရေ မပျက် သောက်နိုင်သည်။ ရွှေဖီဦးနှင်းတက် လက်ဖက်၊ ရွှေဖီမိုးလွတ်လက်ဖက်၊ ခါးကန်လက်ဖက်၊ ခါးကွက်(ခါးဝှက်) လက်ဖက်၊ ခါးနိုင်လက်ဖက်ဟူ၍ လက်ဖက် အမျိုးမျိုးရှိသည်။
လက်ဖက်ကို အများဆုံး တန်ခူး၊ ကဆုန်လများတွင် ခူးကြသည်။ ထိုခူးသော လက်ဖက်ခြောက်များကို ပေါင်းတင်ကာ နေခြောက်လှန်းရသည်။ နေခြောက် မလှန်းနိုင်၊ နေပူရှိန် ကောင်းစွာ မရနိုင်သော လက်ဖက်များမှာ လက်ဖက်ခြောက် အဖြစ်သို့ မရောက်ဘဲ အချိုခြောက် (သို့မဟုတ်) လက်ဖက်စို၊ လက်ဖက်စိမ်း ဘ၀သို့ ရောက်သွားရပါသည်။ လက်ဖက်တွင် အဖန်ခြောက်၊ အချိုခြောက်၊ လက်ဖက်စိုဟူ ၍ သုံးမျိုးခွဲထားသည်။ တန်ခူး၊ ကဆုန် နေပူရှိန်မြင့်ချိန်တွင် လက်ဖက်ရွက်များကို ခူးပြီး ပေါင်းအိုးကြီးများတွင် သွင်း၍ ပေါင်းတင်ရသည်။ ပေါင်းတင်ပြီး နေလှန်းရသည်။ နေမလှန်းမီ ပေါင်းတင်ထားသော လက်ဖက်များကို နယ်သား ကျအောင် နယ်ပေးရသည်။ လက်ဖက်များ အနယ်ကောင်းမှ လက်ဖက်ကောင်း ထွက်သည်ဟု သိရသည်။ ထိုနယ်ပြီးသော လက်ဖက်ကို နေပူရှိန်တွင် တစ်နေကုန် လှန်းရသည်။ တစ်နေ့နှင့် အပြီးလှန်းရသည်။ နေ့မကူးရပါ။ တစ်နေ့နှင့် အပြီးလှန်း၍ ခြောက်သော လက်ဖက်မှသာ လက်ဖက်ကောင်းဟု ဆိုနိုင်ပါသည်။ နယ်သား မကျ၍ လည်းကောင်း၊ နေပူမရဘဲ တစ်နေ့နှင့် မခြောက်လျှင် လည်းကောင်း၊ လက်ဖက်မှာ ပွယောင်း လုံးထွေး သွားတက်ကာ လက်ဖက်ခြောက် အကောင်းစား မဖြစ်ဘဲ ဈေးကျ သွားတက်ကြောင်း သိရသည်။
ရှေးမြန်မာဘုရင်များ လက်ထက်က လက်ဖက်ကို မင်းခန်းမင်းနား ပွဲသဘင်တော်များတွင် ပုခက်တင်၊ ကင်ပွန်းတပ်၊ နားသ၊ နားသွင်း၊ လက်ထပ် မင်္ဂလာပွဲများ၊ ဘာသာရေး၊ နားရေးမကျန် လက်ဖက် မပါလျှင် မပြီး။ ထို့ကြောင့် မြန်မာမင်းများ လက်ထက်တွင် လက်ဖက်ရည်တော်သား လက်ဖက်အိုးကိုင် ဟူ၍ နန်းတွင်း အမှုထမ်းများ ရှိခဲ့သည်။ မင်းတုန်းမင်း တရားကြီး လက်ထက်တွင် ညီတော် အိမ်ရှေ့မင်းသား ပေးအပ်တော်မူသော အဆောင်အယောင်များ၌ "လက်ဖက်အိုး တကောင်း မိတ်ဖုံး တစ်ဆယ့်နှစ်မြှောင့် မှန်တပ်၊ အနား ပတ္တမြား သုံးရစ်စီ" ဟု ပါရှိသည်။ သက္ကရာဇ် ၉၀၀ ပြည့်နှစ် မင်းတရား ရွှေထီးသည် ယိုးဒယားသို့ စတင်ချီတက်ရာတွင် အောင်ပွဲရ စစ်သူကြီး ဘုရင့်နောင် ကျော်ထင် နော်ရထာအား ပတ္တမြားစီသော ဦးပေါင်းသင်းကျစ် လေးမျက်နှာ၊ ပတ္တမြားသုံးရစ်စီ ကွမ်းခွက်၊ ပတ္တမြား လက်ဖက်အိုးများကို မြှောက်စား ပေးသနားတော်မူသည်။ ထိုစစ်ပွဲတွင် ဘုရင့်နောင်၏ သားမှာ (၁၃) နှစ်သာ ရှိသေးသည်။ ဇေယျသီဟကိုလည်း ဖခင်ကို ကူ၍ တိုက်ပေးသောကြောင့် "မင်းရဲကျော်စွာ" ဟူသော ဘွဲ့အမည်နှင့် ရွှေကွမ်းခွက်၊ လက်ဖက်အိုး တကောင်းဖုံး မိုးကြိုးထွေးခံများ ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ဤမျှ လက်ဖက်ကို ထီးစဉ်နန်းဆက် အသုံးအဆောင် တစ်ခုအဖြစ် ထင်ပေါ်ခဲ့သည်။ ထို့ပြင် လက်ဖက်ကို ရုံးတော် ခုံတော် ရှေ့မှောက်တွင် တရားလို၊ တရားခံ နှစ်ယောက်သည် ခုံရုံးတော်များက ဆုံးဖြတ်ချက် ပေးပြီးသည့်အခါ နှစ်ဦးလက်ဆုံ စားကြရသည်။ ထိုသို့ စားသည်ကို လက်ဖက် လက်လှမ်း စားသည်ဟုဆိုသည်။ တရားလို၊ တရားခံ၊ မျက်နှာစုံညီ သဘောတူသော အထိမ်းအမှတ်ပင် ဖြစ်သည်။ လက်ဖက် ကမ်းလှမ်းစားပြီးလျှင် တရားလည်း ပြီးဆုံးခြင်းကို ရောက်ကာ နောက်နောင် အရှုပ်အထွေး မရှိစေရေး အယူခံ မဝင်ရတော့ပေ။ ထို့ကြောင့် "ထူမတတ်သော်လည်း လက်ဖက် ထုပ်တတ်သည်" ဟူသော မြန်မာစကားပုံ တစ်ခု ပေါ်ပေါက်ခဲ့သည်။ ကြွေးမြီးမှု၊ လင်မယား ပြတ်စဲကွာရှင်းမှု စသည်များတွင်လည်း လက်ဖက်လှမ်းစားကာ လက်ဖက်စား ဖြတ်စာများနှင့် တရားတဘောင်ကို စီရင်ဆုံးဖြတ်ခဲ့သည်။
သာရေး၊ နာရေး၊ ကင်ပွန်းတပ်၊ နာမည်ပေး၊ နားသ၊ နားထွင်အလှူမင်္ဂလာ အခမ်းအနား၊ ဘုရား ကန်တော့ပွဲ၊ နတ်ကန်တော့ပွဲကစ ဧည့်ဝတ်ပြုပါမကျန် လက်ဖက်ယဉ်ကျေးမှု ထွန်းကားလျက် ရှိသည်။ ရှေးယခင်က ယခုခေတ်လို ဖိတ်စာများ မပေါ်ခင်က အလှူမင်္ဂလာများတွင် လက်ဖက် ထုပ်ပို့ခြင်း၊ ကမ်းခြင်းများ ရှိခဲ့ရာ ထိုကမ်းသော မင်္ဂလာ လက်ဖက်ထုပ်ကို လက်ခံသူသည် ထိုမင်္ဂလာ အခမ်းအနားသို့ မလာရောက်ဘဲ မနေရ၊ မပျက်မကွက် လာရောက်ပါမည်ဟု ကတိဝန်ခံချက်ပေးခြင်း သဘောဖြစ်သည်။ မလာရောက်နိုင်ပါက ထိုလက်ဖက်ထုပ်ကို လက်မခံရ၊ မယူရပေ၊ ဤမျှစည်းကမ်း စောင့်စည်းလှသော ရှေးမြန်မာတို့၏ လက်ဖက် ယဉ်ကျေးမှု တစ်ရပ်ပင် ဖြစ်ပါသည်။
လက်ဖက်နှင့် ပတ်သက်၍ ဓာတ်စာရေ ထုံးကျမ်းများတွင် လက်ဖက်သည် အအေးလွန်ကဲ၏။ ဖန်၏။ လေကိုရွှင်စေ၏။ ဆီးဝမ်းချုပ်လျှင် သော်လည်းကောင်း၊ လေအောင့်လျှင် သော်လည်းကောင်း လက်ဖက်စိမ်းရေနှင့် သနပ်ခါးရည်ကို တစ်ဝက်စီမျှအောင် ရော၍တိုက်လျှင် ပျောက်နိုင်၏ ဟုပါရှိသည်။ တရုတ် ဆေးကျမ်းများတွင် လက်ဖက်သည် အားဆေးအဖြစ် ဖော်ပြထားသည်။ လက်ဖက်သည် အစာကို ကြေစေသည်။ အဖျားကို လျော့စေသည်။ ပိုးမွှားများကို သတ်စေ၊ သေစေသည်။ ရေငတ်ခြင်းကို ပြေစေသည်။ ဦးနှောက် ကြည်လင်၍ ထိုင်းမှိုင်းခြင်းကို ပျောက်ကင်းစေနိုင်သည်။ မျက်စေ့ အကြည်ဓာတ်ကို အားကောင်း စေသည်ဟု ဖော်ပြထားသည်။ တရုတ်ပညာရှိကြီး တစ်ဦးဖြစ်သော "လောဆူ" ဆိုသူက လက်ဖက်သည် သောကဗျာပါဒကို ငြိမ်းစေသည်။ အကြံသစ်၊ ဉာဏ်သစ်များကို ပေါ်စေသည်။ အာရုံငါးပါး တံခါးကို ပွင့်စေသည်ဟု ဆိုခဲ့သည်။ ဂျပန် ဆေးကြမ်းများကလည်း လက်ဖက်သည် ဆေးဖက် ဝင်သည်ဟု ဆိုသည်။
ထို့ကြောင့် လက်ဖက်သီးနှံကို စီးပွားဖြစ်အထိ နိုင်ငံပေါင်း ၄၅ နိုင်ငံအထိ စိုက်ပျိုး လာကြသည်။ ယနေ့ မြန်မာနိုင်ငံတွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ကျောက်မဲခရိုင်၊ ကွမ်းလုံမြို့နယ်၊ လောက်ကိုင် ခရိုင်များတွင် စိုက်ပျိုးကြသည်။ တောင်ပိုင်း ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ လွယ်လင်ခရိုင်၊ လင်းခေးခရိုင်၊ ကရင်ပြည်နယ်၊ သံတောင် ဒေသများ၊ ချင်းပြည်နယ်များ တွင်လည်း အများ အပြား စိုက်ပျိုးကြသည်။ အရည်အသွေး အရ ဈေးနှုန်း အဆင့်ဆင့် ကွဲပြားလျက် ရှိကြသည်။
ယနေ့ကမ္ဘာတွင် လူတစ်ဦးလျှင် လက်ဖက်ခြောက် အနည်းဆုံး သုည ဒသမ ၅ ကီလိုဂရမ်မှ အများဆုံ ၃ ကီလိုဂရမ်အထိ သောက်သုံးလျက် ရှိကြောင်း လေ့လာသိရှိရသည်။ ယနေ့ ဈေးကွက်တွင် တရုတ်ပြည် အထုပ်ငယ် တစ်ထုပ်မှာ အမေရိကန်ဒေါ်လာ ၁၀၀ ရှိသည်။ အနောက်နိုင်ငံများမှ ထုတ်လုပ်သော အထုပ်ငယ် တစ်ထုပ်လျှင် ဒေါ်လာ ၄၀ မှ ဒေါ်လာ၅၀ ကျော်အထိ ရှိသည်။ မြန်မာနိုင်ငံတွင် လက်ဖက်ခြောက် တစ်ပိဿာ ဒေသပေါက် ဈေးနှုန်းမှာ အရည်အသွေး အလိုက် ၆၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ် အထိ ပေါက်ကြောင်း သိရသည်။
မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ မြို့ရွာများ အကြောင်း အမျိုးမျိုးကြောင့် သွားရောက်သည့် အခါ လက်ဖက်ပွဲနှင့် လက်ဖက်ရည် အကြမ်းဝိုင်းမပါလျှင် မပြီးပေ။ တစ်နိုင်ငံလုံးတွင် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ လမ်းဘေး အကြော်ဆိုင်၊ မုန့်ဟင်းခါးဆိုင်များတွင် လက်ဖက်ရည် အခါးအခြောက် ခတ်ထားသော ရေနွေးကြမ်းအိုး တစ်လုံး အခမဲ့ သောက်သုံး နိုင်သည့် အလေ့အထ မြန်မာနိုင်ငံတွင် ရှိသည်။ ပြည်ပ ခရီးသွားများ အတွေ့အကြုံအရ လက်ဖက်ခြောက် ခတ်ထားသော ရေနွေးကြမ်းအိုးတစ်လုံး သောက်သုံးလိုပါက လက်ဖက်ခြောက် အမျိုးအစားအပေါ် မူတည်ပြီး ကျသင့်ငွေ ပေးချေဝယ်ယူ သောက်သုံး ရသည်ဟု ဆိုသည်။
သို့ဖြစ်၍ ရှေးရိုး စဉ်လာကောင်း ရှိသော မြန်မာ့ လက်ဖက် စိုက်ပျိုးရေး လုပ်ငန်းအား ယခုထက်တိုင် နိုင်ငံအတွင်း လက်ဖက် စိုက်ပျိုးနိုင်သည့် ဒေသအလိုက် ဒေသခံပြည်သူများ ဝင်ငွေတိုး လုပ်ငန်းတစ်ရပ် အဖြစ် တိုးချဲ့ စိုက်ပျိုးသွားရန် တိုက်တွန်း အကြုံပြုအပ်ပါသည်။
www.mohnyinnews.blogspot.com
No comments:
Post a Comment