လူတိုင်းနီးပါးမှာ ခြေ၊ လက်တွေ ညောင်းညာနုံးချည့်တာ၊ ကြွက်သားနဲ့ တစ်သျှူးတွေ နာကျင်ကိုက်ခဲတာ၊ မလှုပ်မရှားချင်နဲ့ စိတ်ဓာတ်ကျဆင်းတာစတဲ့ ဝေဒနာတွေကြောင့် နေမရ၊ အိပ်မရ ဒုက္ခဖြစ်တာ ခံစားဖူး ကြပါလိမ့်မယ်။ ဒီလိုအခါမှာ အကိုက်အခဲပျောက်ဆေး သောက်တာ၊ ဆေးထိုးတာတွေလုပ်လည်း ဆေးအာနိသင်ပြယ်သွားရင် ပြန်ညောင်း၊ ပြန်ကိုက်တဲ့အပြင် အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေးထွက်အကျိုး တွေကိုပါ ပြန်ခံစားရပါတယ်။
ဘေးထွက်ဆိုးကျိုးမပေးဘဲ ကိုယ်ခံအားကို တိုးတက်စေပြီး အိပ်ပျော်စားဝင်ဖြစ်စေကာ နာကျင်ကိုက်ခဲမှု၊ ညောင်းညာမှုကို သက်သာစေကာ ကိုယ်ရောစိတ်ပါ ကျန်းမာ ရွှင်လန်းစေမယ့် ဆေးဖက်ဝင်တဲ့အပင်တွေနဲ့ သုံးစွဲလို့ရတဲ့ နည်းအချို့ကိုလည်း ဖော်ပြပေးပါ့မယ်။
(၁) ယာရိုး(Yarrow)အဆုပ်လိုက်ပွင့်တဲ့ ၁၂ရာသီ အပင်ငယ်
ဒီအပင်ငယ်ဟာ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး အင်အားဖြစ်စေသလို ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။ ဗီတာမင်ဘီတွေ ၊ စီတွေလည်း ကြွယ်ဝတယ်။ ဒီအပင်ကို လက်ဖက်ခြောက်ခတ်သလို ရေနွေးထဲ ခတ်သောက် ရင် လူကို လန်းဆန်းကျန်းမာစေပြီး အသည်းကိုလည်း အဆိပ်အတောက် ကင်းစင်စေတယ်။ ကြွက်သား နာကျင်ကိုက်ခဲတာလည်း သက်သာစေတယ်။
(၂) လာဗင်ဒါ(Lavenda) ရေမွှေးပန်းပင်
လာဗင်ဒါအပင်ဟာ ညောင်းညာကိုက်ခဲမှုကို ကုသရာမှာ အတော်အရေးပါ အရာရောက်ပါတယ်။ စိတ်ဖိအား ကျဆင်းစေပြီး အိပ်ပျော်ရာ လွယ်စေတယ်။ စိတ်ပင်နွမ်းနယ်မှုကို ပျောက်ကင်းစေတယ်။ ဒီနည်းအားဖြင့် ကြွက်သားတွေ တင်းအားပါ ကျဆင်းစေပြီး အကိုက်အခဲ၊ အညောင်းအညာ ပြေစေတယ်။ လာဗင်ဒါအနံ့ရှိတဲ့ အနံ့ပျောက်ဆေး (Deodorant)တွေ၊ ရေမွှေးတွေကိုလည်း သုံးစွဲပေးနိုင်တယ်။
(၃) ဂျင်ဆင်းဆေးမြစ်( Ginseng)
ဂျင်ဆင်းက ရှေးပဝေသဏီကတည်းက ရောဂါပေါင်းစုံ ပျောက်ကင်းစေတဲ့ ဆေးဖက်ဝင်အဖြစ် အသုံးပြု လာကြပါတယ်။ ကိုယ်ခံစွမ်းအားကို တိုးတက်စေပြီး ကိုယ်ခန္ဓာအတွင်း ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ မ၀င်အောင် ကာကွယ်ပေးနိုင်တယ်။ ဂျင်ဆင်းဆေးတောင့် မှန်မှန်သောက်ပေးရင် ညောင်းညာကိုက်ခဲမှု ကင်းဝေးစေတယ်။
(၄) ငရုတ်သီး( Chilli)
ငရုတ်သီးမှာပါတဲ့ ကက်ပဆိုင်စင်( capsaicin) ဓာတ်တစ်မျိုးက နာကျင်ကိုက်ခဲမှုဝေဒနာကို ကြာရှည်စွာ သက်သာပျောက်ကင်းစေနိုင်တာကြောင့် ငရုတ်သီးက ထုတ်လုပ်ထားတဲ့ ဆေးပလတ်စတာကို နာကျင်နေတဲ့ နေရာအပေါ် ကပ်ထားရင် ပူရှိန်းရှိန်းခံစားမှုရရှိပြီး မကြာခင် ညောင်းညာကိုက်ခဲတာတွေ သက်သာပျောက်ကင်း သွားစေပါတယ်။
(၅) ချင်းတက်( Ginger Root)
ချင်းတက်က အလွယ်တကူ ၀ယ်ယူရရှိနိုင်ပြီး ချင်းတက်ပြုတ်ရည် သောက်ပေးရင် သွေးလည်ပတ်မှု ကောင်းစေကာ နာကျင်ကိုက်ခဲတာ၊ ညောင်းညာတာ ပျောက်ကင်းစေပါတယ်။ ချင်းကို အလွှာလေးတွေလုပ်ပြီး ချင်းပြုတ်ရည် (ginger tea) အဖြစ်လည်းကောင်း၊ သံလွင်ဆီထဲရောပြီး လိမ်းကျံပေးခြင်းဖြင့်လည်းကောင်း အသုံးပြုပေးရင် မွှေးကြိုင်တဲ့ရနံ့နဲ့အတူ ရောဂါပါ ပျောက်ကင်းစေပါတယ်။
(၆) မိုးမခပင်(White Willow)
မိုးမခပင်မှာ 5HTP ခေါ် pain killer အကိုက်အခဲပျောက်တဲ့ ဓာတ်ပစ္စည်းပါဝင်စေတဲ့အတွက် အာရုံကြောတွေရဲ့ နာကျင်ကိုက်ခဲမှု လက္ခဏာပြတာတွေကို တားဆီးပေးနိုင်ပါတယ်။ တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲတာတွေကို သိသာစွာ ယူပစ်သလို ပျောက်ကင်းစေတယ်။
(၇) ပီကျူထရီလက်ဖက်ရည်(Pituitary Tea)
၎င်းမှာ သက်တောင့်သက်သာ အပန်းပြေစေနိုင်တဲ့ စွမ်းရည်ပါရှိတဲ့အတွက် ကောင်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်။ ဒါ့အပြင် ဆယ်လီနီယမ်ဇင့်နဲ့ တွင်းထွက်ပစ္စည်းတွေ ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို တက်စေတယ်။ ကိုက်ခဲနာကျင်မှုကို ပျောက်ကင်းသက်သာစေတယ်။
(၈) ကန့်ပလူ(Valerian)
ဒီဆေးဖက်ဝင်အပင်ရဲ့ အစွမ်းကြောင့် အိပ်ပျော်စေတယ်။ ကြွက်သားတွေ တင်းမာမှု၊ တောင့်တင်းမှုကို ပြေလျော့စေခြင်းဖြင့် အညောင်းပြေစေတယ်။ ညောင်းညာကိုက်ခဲလွန်းလို့ အိပ်မပျော်နိုင်တဲ့သူ၊ အနေရခက်သူ တွေကို အိပ်ဆေးသဖွယ် အာနိသင်ပေးလို့ လက်မလွှတ်သင့်ပါဘူး။ကိုက်ခဲနာကျင်မှုကြောင့် ခေါင်းမကြည်၊ ခေါင်းနောက်နေတဲ့သူတွေကိုပါ ပေါ့ပါးသွက်လက်စေပါတယ်။
ဒါတွေကတော့ ကြွက်သားညောင်းညာတင်းမာမှုကိုလည်း သက်သာစေ၊ ကိုယ်ခံအားကိုလည်း တက်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စိတ်ချမ်းမြေ့စေနိုင်တဲ့ ဆေးဖက်ဝင်သဘာဝ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဘေးထွက် ဆိုးကျိုးတွေကိုလည်း မပေးတဲ့အတွက် ဓာတုဆေးဝါးတွေထက် တစ်ပန်းသာပါတယ်။ ဈေးကွက်မှာ အလွယ်တကူ ၀ယ်လို့ရနိုင်တဲ့ ငရုတ်သီး( Chilli) ၊ ဂျင်ဆင်းဆေးတောင့်တွေကို မှန်မှန်အသုံးပြု မှီဝဲခြင်းဖြင့် ညောင်းညာကိုက်ခဲ နာကျင်မှုဝေဒနာမှ ကင်းဝေးစေနိုင်ပါတယ်။
(မှတ်ချက် ။ ၂၀၁၄ခုနှစ်၊ ဧပြီလထုတ် ဇီဝက မဂ္ဂဇင်း အမှတ် ၂၃၁ မှ ဒေါက်တာ အေးမြချယ် ရေးသားသော ဆောင်းပါးအား ကောက်နှုတ်ဖော်ပြပါသည်။)
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
www.mohnyinnews.blogspot.com
No comments:
Post a Comment