ဗိုလ်ကြီး... ၄ နာရီ ထိုးပါပြီ !! ... အေး..အေး ရပြီ တပည့်
မနက် ကင်းသမားလာနှိုးသံ... အိပ်ယာမှ အလူးအလဲထ... ကရင်ပြည်နယ်ရဲ့ ဆောင်းရာသီ အအေးဒဏ်ကိုအံတုရင်း ရေဘူးထဲကရေနဲ့ မျက်နှာသစ် သွားတိုက်... တဲလေးထဲ ပြန်ဝင်ရင်း ခေါင်းရင်းမှာ ကပ်ထားတဲ့ ဘုရားပုံတော်လေးကို လက်အုပ်ကလေးချီ... ဖယောင်းတိုင်လေး တစ်တိုင် ပူဇော် လို့... ဝါးကွပ်ပစ် အိပ်ယာထက်ပြန်တက်... ဘုရားကန်တော့ ... ပြုနေကျအတိုင်း ပဌာန်း ၂၄ ပစ္စည်းကို ပစ္စည်းတစ်ခု တစ်ပါတ် နှင့် ၂၄ ပါတ် ပုတီးစစိပ်လိုက်တယ်...
ကျောက်ကြီးဒေသ... မူသဲ ဆိုတဲ့ တောအလယ်က ကရင်ရွာလေး... ချောင်းလေးတစ်ချောင်း
ဝေ့ဝိုက်စီးဆင်းလို့ ...ချောင်းရဲ့ ဒီဘက်ကမ်းမှာတော့ ရှေ့တန်း တပ်ရိက္ခာတို့ စုပုံရာ မူသဲစခန်း... မဆုတ်တမ်း ခံစစ်နေရာ..ပါတ်ဝန်းကျင် မှာ မျက်မြင် စိုးမိုးကုန်းတို့က လက်နက်ကြီး တစ်ကမ်း မမှီ့ တစ်မှီ...
မူသဲရွာထဲမှာတော့ အိမ်ခြေ ၃၀ ခန့် ၊ ရွာဦးထိပ်တောင်ကုန်း မို့မို့ပေါ်မှာတော့ စေတီလေးတစ်ဆူ ဘုန်းကြီးမမြဲသော ဘုန်းကြီးကျောင်းလေး တစ်ကျောင်း၊ ရွာရဲ့ဟိုမှာဘက် ထိပ်မှာတော့ ကျွန်တော်ကိုယ်တိုင် ကမကထ လုပ်ပေးခဲ့တဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းလေး... ဗုဒ္ဓဘာသာ ၊ ခရစ်ယာန် ရောနှောနေထိုင်နေတဲ့ ရွာလေး...
ပုတီးပါတ်ပြည့်တော့ မေတ္တာသုတ်ရွတ်... မိမိနယ်မြေအတွင်း ရှကြသော မိမိ/ ရန်သူ ဘက်တော်သားတို့ ကျန်းမာ ချမ်းသာကြစေရေး မေတ္တာပို့ ၊ အမျှဝေ... ကိစ္စအဝဝ ပြီးတော့ ၆ နာရီထိုးပြီ... အပြင်မှ တပည့်တို့ ၏လှုပ်ရှားမှုအသံများ... အပြင်ထွက် အကြောဆန့်ရင်း သွေးပူလေးလုပ်နေချိန်...
" ဗိုလ်ကြီ !!... ဒီနေ့ ဘုရားကုန်း ရင်ပြင်ခင်းဘို့ ဖက်ထိတ်သွား တော့မယ်ခင်ဗျ... " တပ်ကြပ်ကြီးမြင့်စိုး သတင်းလာပို့သံ " အင်း... ဘယ်နှယောက်သွားမလည်း " " ၅ ယောက်ပါ ဗိုလ်ကြီး... ဗိုလ်ကြီးတပည့် ငွေအေးကလည်း လိုက်ချင်လို့သတင်းပို့ပါတယ် " ...
ငွေအေး...ဒီကောင်က ခပ်အေးအေး..စကားသိပ်မပြော.. သဘောကောင်း... ကျွန်တော့အကူ ရဲဘော်... ရဲဘော်ဆိုပေမယ့် ဒုတပ်ကြပ် ဖြစ်နေပြီ..
" အော်.. အင်း ခေါ်သွားလိုက်ပါ... သေနတ်တွေ ယူသွား.. အလုပ်လုပ်တုန်း တစ်ယောက် ကင်း ထား.. ရွာထဲလည်း တစ်ချက်ကြည့် ဟိုကောင်တွေ ရှိနေလိမ့်မယ်... သတိမလွတ်စေနဲ့... ရွာကျောင်းက ဆရာမနဲ့ ကလေးတွေလည်း ပါမှာဆိုတော့ အန္တရာယ် ဖြစ်နိုင်မယ့် ဟာတွေ မလုပ်မိစေနဲ့.... I com ယူသွား စက်ကို ဖွင့်ထား.. ဘုန်းဘုန်းလည်း လျှောက်လိုက် ...နေ့လည် ကျွန်တော် လာခဲ့ပါ့မယ်လို့... သင်းအုပ်ဆရာလည်း တွေ့ရင်ပြောလိုက်ဦး ...မနေ့က ဆန်လာတောင်းတော့ လက်ဆောင်ဆိုပီး ချက်စားရအောင် ပေးသွားတဲ့ ကြက်ဖကြီး မွေးထားမယ်လို့ ကြိုက်တဲ့ အချိန် ပြန်လာယူ ပါလို့.... ခင်ဗျားတို့ သွားရင်လည်း လမ်းပေါ်ကမလျှောက်နဲ့ လျှောက်ရရင်လည်း မျက်စိလျင်လျင်ထား ... မိုင်းသတိထား.. တပည့်ကျော်များ လေကန်... မော့တော့မော့တော့ နဲ့ မသွားစေနဲ့ .... " " ဟုတ်ကဲ့ စိတ်ချပါ ဗိုလ်ကြီး.. " " ကဲ..ကဲ နေမမြင့်ခင် သွားကြ "
ဆရာကြီး မြင့်စိုး အလေးပြု ထွက်သွား... ဆက်သွယ်ရေးတဲ လေးထဲဝင်လာရင်း၊ နယ်မြေမထူး မေးရင်း ငွေအေး ကျော်ပေးခဲ့သော ထမင်းကျော် ပုဂံလေးကို ကောက်ယူ မနက်စောစာ စားရင်းခေါင်းထဲ ငွေအေးရဲ့ အကြောင်း တစ်ချို့တစ်စ ဝင်လာ....
" ကျွန်တော်က အဖေ့ကို စိတ်ဆိုးပြီး တပ်ထဲဝင်လာတာ.. အိမ်မပြန်တာ ၈ နှစ်ရှိပြီ... ဒီတစ်ခေါက် ရှေ့တန်းထွက်ခါနီး အဖေတပ်ကို ဘယ်လိုသိတယ်မသိဘူး.. လိုက်လာတယ် .. ကျွန်တော်မတွေ့ဘူး ရှောက်ပုန်းနေတယ်..ဘားတိုက်မှာ ၂ ည အိပ်ပြီး ပြန်သွားတယ်.."
" မင်းတော်တော်မိုက်တဲ့ကောင်ပဲ.. အဖေလုပ်တဲ့သူက သားကိုတွေ့ချင်လို့ လိုက်လာရှာတာ.. "
" ဟုတ်တယ် ဗိုလ်ကြီးရ အခုမှ ကျွန်တော် အဖေ့ကို သတိယ နေတာ ဒီရှေ့တန်း ပြန်ဝင်ရင်တော့ အဖေ့ဆီပြန်လိုက်မယ် ဗိုလ်ကြီးရာ "
အေး... ကောင်းတယ် ငါ ခွင့်တင်ပေးလိုက်မယ်... ပြန်ပါကွာ မိဘဆိုတာ သားသမီးကို ဘယ်တော့မှ မမုန်းဘူးကွ မှတ်ထား တပည့်ရ..."
ငွေအေးမျက်နှာ အနည်းငယ်မှုန်မှိုင်းလို့ မျက်ရည်ကြည်တို့ ဝေ့နေထင်၏... လွမ်းရှာပေမပေါ့... ၈ နှစ်ဆိုတာ မနည်းတဲ့ ကာလပဲလေ...
" ချောင်းထဲသွားပြီး ငါးနှိုက်လိုက်ဦးမယ်... ဗိုလ်ကြီး ဟင်းစားလေး.." " အေး.. စခန်းအောက်တင်ဆိုပေမယ့် သတိနဲ့သွား ဟေ့ကောင်.." " ဟုတ် !!"
ဝုန်း !!! မိုင်းကွဲသံ...
အတွေးစတို့ ဘယ်ရောက်သွားမှန်း မသိ
" ဟ ဘယ်ကတုန်း...ဆရာထွန်းကျော် ထွက်ကြည့်လိုက်... ရွာဘက်ကလား.. " "ဟုတ်... ဗိုလ်ကြီး " ပြောပြောဆိုဆို တဲပြင်ထွက်သွား...
" ဗိုလ်ကြီး ဗိုလ်ကြီး... ကျွန်တော်တို့ဆီက အဖွဲ့ထင်တယ် ချောင်းဟိုဘက်ကမ်း လမ်းပေါ်မှာ... "
ထမင်းကျော်ပန်းကန် ပစ်ချ...စခန်းအောက်ကို ပြေးဆင်း... " ဗိုလ်ကြီး... ဗိုလ်ကြီး.." မကြားနိုင်တော့.. ချောင်းလေးကိုဖြတ်ပြေး...တစ်ဘက်ကမ်းရောက်တော့ ဆရာကြီးမြင့်စိုးတို့ ကုန်းကုန်း ကုန်းကုန်းနှင့် တစ်ယောက် တော့ လဲနေပြီ... ဘာကိုမှ ဂရုမစိုက်နိုင်တော့... အပြေးသွားမိပြီ... လဲနေတဲ့သူ အနားရောက်တော့ ပြေးပွေ့ ရင်ခွင်ထဲ ဆွဲပိုက်ထားရင်း မြေပေါ်ထိုင်ချ.... ငွေအေး !!!
ကိုယ်အောက်ပိုင်းတို့ သွေးအလိမ်းလိမ်း... ညာခြေ ဒူးအောက် မရှိတော့...ညို့သကျည်းရိုး အဖွေးသား... ဘယ်ခြေထောက် ဒူးအောက် ပိုင်း အရည်ပြားတွဲရုံ တန်းလန်း ပေါင်နှစ်ဘက်လုံး အစမှန်... ပေါင်ရင်းကြားမှ သွေးတို့ တလဟော ထွက်ကျလို့... မြင်မကောင်း... ကျွန်တော့် တစ်ကိုယ်လုံး သူ့ရဲ့သွေးတို့ဖြင့် ရွှဲရွှဲစို...
" ငွေအေး....ညီလေး ငွေအေး... သတိထားစမ်း... မင်းဘာမှ မဖြစ်ဘူး... ငါတို့ရောက်ပြီ" နောက်က ဆရာမြင့်စိုးလေး ဦးစီး ၄ ယောက်လက်နက် ကိုယ်စီ ပြေးလိုက်လာ ကျွန်တော့်ကို ကျောပေး
ဝိုင်းလိုက်ရင်း မြေပြင်ပေါ် ဝပ်ပြီး ပါတ်ဝန်းကျင်သို့ ပစ်ရန် အသင့်....
"ဆရာကြီး မြင့်စိုးတို့ ဘာဖြစ်သေးလည်း... "
" ရတယ် ဗိုလ်ကြီး ...ငွေအေး နင်းလိုက်တော့ ကျွန်တော်တို့က လွင့်ပဲ လွင့်သွားတာ..."
"ဗိုလ်ကြီး..." တိုးလျလျ ငွေအေး အသံ..
" ပြော ညီလေး.... မင်း ဘာမှ မဖြစ်ဘူး..."
" ကျွန်တော် ည က အိပ်မက်တွေ လည်းမကောင်းဘူး...အိပ်လို့လည်း မရတော့ ..... ကင်းလဲပြီး စောင့်နေတာ "...
" ငွေအေး မင်းပေါက်ကရ မပြောနဲ့စမ်း... အားတင်းထား... မင်း..စစ်သားမဟုတ်ဘူးလား !!! " ပြောသာပြောရတယ် ကျွန်တော် ငွေအေးကို ပွေ့ထားရင်း အံတင်းတင်းကြိတ်လို့ မျက်ရည်တို့ စီးအကျ... ကိုယ့်လူတွေထိလို့ ဒေါသမျက်ရည် တို့ဖြစ်လိမ့်မည်...
" ကျွန်တော် မနက်က....."
ဆက်လက်ဖော်ပြပါမည်။
Nla Nay Lin Aung
No comments:
Post a Comment