နာနတ်ပွင့်ရဲ့ ပင်ရင်းဇာတိက တရုတ်ပြည်အနောက်တောင်ဘက် အရပ်ဒေသ ဖြစ်ပါတယ်။ အဲဒီဒေသရဲ့ ပြည်နယ်လေးခုဖြစ်တဲ့ ကွမ်ဇီ(Guangxi)၊ ကွမ်ဒေါင်း(Guangdong)၊ ဖူကျင့်( Fujian)နဲ့ ယူနန်(Yunnan) ပြည်နယ်လေးခုရဲ့ တောင်တန်းတွေမှာ အရင်ကတည်းက သဘာဝအလျောက် ပေါက်ရောက်တဲ့ အပင်တစ်မျိုး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လိုအပ်ချက်အရ အဲဒီဒေသကြီး(၄)ခုမှာ ဆက်လက်စိုက်ပျိုးထုတ်လုပ်တာ အခုဆိုရင် ကမ္ဘာပေါ်မှာ နာနတ်ပွင့်စိုက်ခင်းဧက အများဆုံး ဖြစ်နေပါပြီ။ ကမ္ဘာ့လူ့တုတ်ကွေးရောဂါကို ကုသဖို့ ဆေးဝါးထုတ်လုပ်ရာမှာ နာနတ်ပွင့်တွေရဲ့ ၉၀%ကို အသုံးပြုလျက်ရှိပါတယ်။ နာနတ်ပွင့်ကို အဓိကစိုက်ပျိုး တာက တရုတ်နိုင်ငံဖြစ်ပြီး ဒုတိယကတော့ ဗီယက်နမ်နိုင်ငံ ဖြစ်ပါတယ်။
နာနတ်ပွင့်အပင်ဟာ ပေ၃၀လောက်မြင့်တဲ့ နှစ်ရှည်ခံပင် ဖြစ်ပါတယ်။ နှစ်ပေါင်းရာနဲ့ချီပြီး နေနိုင်တဲ့ အပင်ကြီး မျိုး ဖြစ်ပါတယ်။ သူဟာ ရေအင်မတန်မှ ကြိုက်ပေမယ့် ရေ၀ပ်တာကိုတော့ မကြိုက်ပါဘူး။
မိုးရွာသွန်းမှုများတဲ့ တောင်ကုန်းတွေမှာအများဆုံးပေါက်ရောက် ဖြစ်ထွန်းပါတယ်။ မြေကတော့ အချဉ်ဓာတ်များတာကို ကြိုက်ပါ တယ်။ အစေ့ကို စတင်စိုက်ပျိုးပြီး ၆ နှစ်ကြာမှ အပွင့်စပွင့်ပါတယ်။ အပွင့်ကတော့ အနီရောင်၊ ပန်းရောင်ရှိပြီး အသီးကကြယ်လို ရှစ်ထောင့်ရှိလို့ အင်္ဂလိပ်လို Star anise လို့ ခေါ်ပါတယ်။ ရုက္ခဗေဒအမည်က Illicium verum လို့ခေါ်ပါတယ်။
နာနတ်ပွင့်ရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့ နာနတ်ပွင့်ဟာ အင်မတန်မှ ဆေးဖက်ဝင်တဲ့အပင်တစ်ပင် ဖြစ်ပါတယ်။ ကျွန်တော်တို့ခေါ်နေတဲ့ နာနတ်ပွင့်ဟာ တကယ်တော့ အပွင့်ပုံသဏ္ဍာန်ရှိတဲ့ အသီးသာ ဖြစ်ပါတယ်။ သူ့ရဲ့ ဆေးဖက်ဝင်တဲ့ အာနိသင်တွေကတော့-
(၁) တုပ်ကွေးရောဂါကို သက်သာပျောက်ကင်းစေခြင်း၊
(၂) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေခြင်း၊
(၃) အဆုတ်ကင်ဆာကို သက်သာစေနိုင်ခြင်း၊
(၄) အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများကို သက်သာပျောက်ကင်းစေခြင်း၊
(၅) အရိုး၊ အဆစ်နှင့် ကြွက်သားများ နာကျင်ကိုက်ခဲမှုကို သက်သာပျောက်ကင်းစေခြင်းတို့အပြင်
နာနတ်ပွင့်ကို Phytochemistry အရ ဓာတ်ခွဲကြည့်တဲ့အခါမှာ အဓိကအားဖြင့် Essential oil လို့ခေါ်တဲ့ အငွေ့ပျံလွယ်တဲ့ အဆီတွေ အဓိကပါဝင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ရာစု နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြတာကို တွေ့ရှိရပါတယ်။ သူ့ရဲ့အဓိက အာနိသင်ကတော့ အသား၊ ငါးတွေကို အရောင်အဆင်းလှပပြီး အရသာကို ပိုမိုကောင်းမွန်စေပါတယ်။ ဥပမာ- ဘဲကင်၊ ၀က်သားကင်တွေမှာ အရောင်လှအောင် သုံးလေ့ရှိပါတယ်။
နာနတ်ပွင့်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာမှာ နှာခေါင်းကစလို့ အဆုတ်ထဲအထိပါ ဖြစ်ပွားနေတဲ့ ရောဂါတွေကို နာနတ်ပွင့်က သက်သာပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်စွမ်း ရှိပါတယ်။ အအေးမိပြီး နှာရည် ကျနေတာတွေကို သက်သာအောင် လုပ်ပေးနိုင်ပါတယ်။ ချောင်းဆိုးတာ၊ ရင်ကျပ်တာ၊ လေပြွန်ရောင်တာ၊ ချွဲသလိပ်ကပ်နေတာတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်မို့ သူ့ကို ရှူဆေး တော်တော်များများနဲ့ ချောင်းဆိုးပျောက်ဆေး တော်တော်များများမှာ ထည့်သွင်းဖော်စပ်လေ့ ရှိပါတယ်။
နာနတ်ပွင့်ကို အသုံးပြုပုံမှာ တရုတ်ရိုးရာ တိုင်းရင်းဆေးပညာမှာတော့ နာနတ်ပွင့်ရဲ့ အသီးကို အခြောက်ခံ ရေနွေးနဲ့စိမ်ပြီး သောက်ကြပါတယ်။ သာမာန်အားဖြင့် အပွင့်အခြောက်ကနေ ထုတ်ယူရရှိတဲ့အဆီအနှစ်ကို ဆေးပြား ဆေးတောင့်အသွင်နဲ့လည်း အသုံးပြုနိုင်ပါတယ်။
နာနတ်ပွင့်မသုံးသင့်တဲ့အခြေအနေ
အဓိကအားဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ နာနတ်ပွင့်မှာပါတဲ့ ဆေးပဲဖြစ်ဖြစ် တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ နာနတ်ပွင့်ဟာ သားအိမ်ကျုံ့စေ( Uterine contraction)လို့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သားအိမ်ကို ညှစ်စေတဲ့အတွက် ကိုယ်ဝန်လနုရင် ပျက်ကျနိုင်သလို ရင့်ရင်လည်း စောပြီး မွေးတတ်ပါတယ်။ တရုတ်ပြည်မှာဆိုရင် ကလေးမွေးရတာ လွယ်ကူစေဖို့ နာနတ်ပွင့်ကို မီးဖွားနေစဉ်မှာ တိုက်လေ့ရှိပါတယ်။
နာနတ်ပွင့်ကို သုံးမယ်ဆိုရင် တရုတ်မျိုးနဲ့ ဗီယက်နမ်မျိုးကိုသာ သုံးဖို့ အကြံပြု ပြောကြားလိုပါတယ်။
(မှတ်ချက်။ ၂၀၁၄ခုနှစ် နိုဝင်ဘာလထုတ် ဇီဝကမဂ္ဂဇင်း အမှတ် ၂၃၈ မှ ဒေါက်တာခင်မောင်လွင်(FAME) ရေးသားသော ဆောင်းပါးအား ကောက်နှုတ်ဖော်ပြပါသည်။)
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
www.mohnyinnews.blogspot.com
No comments:
Post a Comment