၁။ ယခုအခါ မိုးစပါးများစတင်ရိတ်သိမ်းလျက်ရှိပါသည်။ အချိန်အခါမဲ့ မိုးရွာသွန်းမှုများကြောင့် ရိတ်သိမ်းဆဲစပါး များ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် အောက်ပါလုပ်ငန်းများကို လိုက်နာဆောင်ရွက်ကြရပါမည်။
၂။ စပါးလေလွင့်မှုသက်သာစေရန် မောင်းညိုချိန်တွင် ရိတ်သိမ်းပါ။
၃။ ရိတ်သိမ်းရာတွင် နေသာသောနေ့များ၌ ရိတ်သိမ်းပါ၊ မိုးရွာသွန်းပါက ရိတ်သိမ်းမှုရပ်နားထားပါ။
၎။ ရင့်မှည့်ပြီးစပါးခင်းများ မိုးရွာသွန်းခြင်း၊ လေတိုက်ခြင်းတို့ကြောင့် ယိုင်လဲမှုဖြစ်ပေါ်လာပါက ယင်းစပါးခင်းများ ကို အောင်ရေအမြန်ဆုံးထုတ်ပေးပြီး ဦးစွာရိတ်သိမ်းပါ။
၅။ ရိတ်သိမ်းစက်၊ ခြွေလှေ့စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ အခြောက်ခံစက်များသုံးစွဲနိုင်ရေးအတွက် ကိုယ်ပိုင်(သို့ မဟုတ်) ငှားရမ်းရရှိမည့် စက်စွမ်းအားများရရှိရေးကို ကြိုတင်ဆောင်ရွက်ထားပါ။
၆။ စက်ကိရိယာများ၊ ကောက်ရိတ်လုပ်သားများ၊ လွယ်ကူစွာဝင်ရောက်ရိတ်သိမ်းနိုင်ရေးအတွက် စပါးရိတ်သိမ်းချိန် မတိုင်မီ သီတင်း(၂)ပတ်ခန့် ကြိုတင်၍အောင်ရေထုတ်ပေးထားပါ။
၇။ အချိန်တိုအတွင်း ရိတ်သိမ်းခြွေလှေ့မှု ပြီးစီးရန် ရိတ်သိမ်းခြွေလှေ့စက်များ(Combined Harvester)အသုံးပြု၍ တလင်းပျောက်စနစ်ဖြင့် ရိတ်သိမ်းပါ။
၈။ စက်ကိရိယာအခက်အခဲကြောင့် လူလုပ်အားဖြင့် ဆောင်ရွက်ရပါက တစ်ကွက်ချင်းကို အပြီးရိတ်သိမ်းပြီး ချက်ချင်းခြွေလှေ့ပါ။ တစ်ကွက်ပြီးမှ နောက်တစ်ကွက် ဆက်လက်ဆောင်ရွက်ပါ။
၉။ မိမိကျေးရွာအလိုက် ကောက်ရိတ်လုပ်သားများဖြင့် ရိတ်သိမ်းရလျှင် စပါးရင့်မှည့်မှုအလိုက် အလှည့်ကျရိတ် သိမ်းခြွေလှေ့ခြင်းကို ညှိနှိုင်းဆောင်ရွက်ပါ။
၁ဝ။ ချက်ချင်းမခြွေလှေ့နိုင်သည့် ကောက်လှိုင်းထုံးများကို ကန်သင်းပေါ်တွင် စုပုံထားရှိခြင်းမပြုပါနှင့်။ တလင်းသို့ အမြန်ဆုံးသယ်ယူ၍ စနစ်တကျစုပုံထားရှိပါ။ မိုးရေလျော့ကျမှုလွယ်ကူစေရန် တစ်ဖက်စောင်းနိမ့်ပုံစံဖြင့် စုပုံပါ။
၁၁။ မခြွေလှေ့မီ မိုးရွာပါက စုပုံထားသော ကောက်လှိုင်းပုံကို မိုးရေလုံအောင် ဖုံးအုပ်ထားပါ။
၁၂။ စုပုံထားသော ကောက်လှိုင်းပုံများကို နေသာချိန်တွင် အမြန်ဆုံးခြွေလှေ့ပါ။
၁၃။ ခြွေလှေ့ပြီးစပါးများကို အစိုဓာတ် ၁၄ ရာခိုင်နှုန်းရရှိသည်အထိ အခြောက်ခံစက်အသုံးပြု၍ (သို့မဟုတ်) နေလှန်း၍ အခြောက်ခံပါ။
၁၄။ ခြောက်သွေ့ပြီးစပါးများကို အမိုးအကာအောက်သို့ ရွှေ့ပြောင်းသိုလှောင်ပါ။
၁၅။ မိုးစပါးများ ရိတ်သိမ်းချိန်တွင် လေလွင့်ဆုံးရှုံးမှုများ သက်သာစေရန်အတွက် အထက်ပါလုပ်ငန်းစဉ်များကို တောင်သူလယ်သမားများအားလုံးစနစ်တကျအပြည့်အဝလိုက်နာဆောင်ရွက်ကြပါရန်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတို့မှလည်း ပူးပေါင်းကူညီဆောင်ရွက်ပေး နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
၁၆။ အကူအညီလိုအပ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနရုံးများသို့ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း
ဝန်ကြီးဌာန)
www.mohnyinnews.blogspot.com
No comments:
Post a Comment